ကျွန်ုပ်၏ ကျောက်ကပ်အတွက် အစာချက်ပြုတ်နည်းများ
ကောင်းမွန်သော အစားအသောက် ဓာတ်စာသည် သင်နှင့် သင့်ကျောက်ကပ်ကို ဘယ်လိုကူညီပေးပါသလဲ။
● အာဟာရချို့တဲ့မှုနှင့် နောက်ဆက်တွဲ ရောဂါများကို ကာကွယ်ပေးခြင်း။
● ပိုတက်စီယမ်နှင့် ဖော်စဖောရက်စ် ပမာဏ မြင့်တက်မှုကို ရှောင်ရှားနိုင်ခြင်း။
● ကျောက်ကပ်ဆေးသည့် ကုသမှု ဒဏ်ခံနိုင်စွမ်း ပိုကောင်းလာခြင်း။ .
● အစာစားခြင်းဖြင့် ဘဝတွင် စိတ်ပျော်ရွှင်မှု ပြန်လည်ရရှိနိုင်ခြင်း။
အရေးကြီးသည့်အချက် - လူနာတစ်ဦးချင်း၏ အခြေအနေနှင့် ဆက်ပေးနေသော ကုသမှုများကို ထည့်သွင်းစဉ်းစားပြီး ရောဂါဖြစ်စဉ်အလိုက် လူနာတိုင်းအတွက် အစားအသောက် ဓာတ်စာကို ချိန်ညှိပေးရပါမည်။ အစားအသောက် ဓာတ်စာအတွင်း ပါဝင်သည့်အရာများနှင့် အရည်အသွေးကို အာဟာရအထူးပြု ပညာရှင်တစ်ဦး၊ သင့်ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်သင့်ပြီး လူတိုင်းအတွက် သင့်တော်ကိုက်ညီအောင် လုပ်ပေးရန် လိုအပ်ပါသည်။
နာတာရှည်ကျောက်ကပ်ရောဂါ (ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း) ဆိုးရွားသည့်အခါ သို့မဟုတ် အသက်အန္တရာယ်စိုးရိမ်ရသောအခါ သင့်ကျောက်ကပ်သည် စစ်ထုတ်စွန့်ထုတ်ပေးသည့် ကိုယ်အင်္ဂါအဖြစ် ၎င်း၏ လုပ်ငန်းဆောင်တာကို လုံးဝ မဆောင်ရွက်နိုင်တော့ကာ ဆီးအတွင်း အဆိပ်အတောက်ဖြစ်ပွားမှု (uremia) ကို ဖြစ်စေနိုင်ပါသည်။ ကျောက်ကပ်ဆေးခြင်း (ကျောက်ကပ်အစားထိုးကုထုံးဟုလည်း ခေါ်ကြသည်) က ထိုလုပ်ငန်းဆောင်တာကို ဆောင်ရွက်ပါတော့မည်။ သို့သော် ကျောက်ကပ်ဆေးခြင်းသည် ကျန်းမာသော ကျောက်ကပ်ကဲ့သို့ တစ်နေ့ 24 နာရီပတ်လုံး သွေးတွင်း အဆိပ်အတောက်ကို မရှင်းပေးနိုင်သောကြောင့် ကျောက်ကပ်ဆေးခြင်းဖြင့် စွန့်ထုတ်ဖို့အဓိကကျသော ဓာတ်ပစ္စည်းများအားလုံးကို ရှင်းလင်းပေးရန်မှာ မဖြစ်နိုင်တာ မဟုတ်သော်လည်း အလွန်ခက်ခဲပါသည်။ ထိုအကြောင်းကြောင့် ကျောက်ကပ်ဆေးသည့် ကုသမှုခံယူနေရသော လူနာများအနေဖြင့် မိမိ၏ အစားအသောက်နှင့်ပတ်သက်ပြီး အထူးသတိပြုရမည်ဖြစ်သည်။ အရည်၊ ပရိုတိန်းဓာတ်၊ (ဗီတာမင် ဘီကဲ့သို့သော) ဗီတာမင်ဓာတ်များအပြင် ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့် ဖော်စဖောရက်စ်ကဲ့သို့သော သတ္တုဓာတ်များ မှီဝဲစားသောက်မှုပုံစံကို ထည့်သွင်းစဉ်းစားရပါမည်။
ကျောက်ကပ်ဆေးသည့် လူနာများ၏ အစားအသောက် ဓာတ်စာအတွက် အထွေထွေ လမ်းညွှန်ချက်များ ရှိပါသည်။ သို့သော် လူနာတစ်ဦးစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် အမြဲပြောင်းလဲပေးဖို့ မရှိမဖြစ်လိုအပ်ပါသည်။
သင့်အနေဖြင့် သင့်ဆရာဝန်နှင့် ဆေးကုသရေးဆိုင်ရာ မေးခွန်းအားလုံး ဆွေးနွေးဖြစ်ရန်နှင့် အာဟာရအထူးပြု ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် သင်တစ်ဦးတည်းအတွက် ဓာတ်စာကို ညှိနှိုင်းရန် အလွန်အရေးကြီးပါသည်။
ပရိုတိန်းဓာတ် စားသုံးခြင်း သည် ကျောက်ကပ်ဆေးသည့် ကုသမှုခံယူနေသော လူနာများအတွက် အလွန်အရေးကြီးသည်။ သွေးတွင်း သယ်ပို့ပေးထားသော ပရိုတိန်းဓာတ်၏ အခြေခံအုတ်မြစ်များ (amino acids) သည် အတော်သေးငယ်သဖြင့် ကျောက်ကပ်ဆေးနေစဉ် သွေးထဲမှ စွန့်ထုတ်မိနိုင်ပြီး ၎င်းက ပရိုတိန်းဓာတ် ချို့တဲ့မှုကို ဖြစ်စေနိုင်ပါသည်။
ကျောက်ကပ်ပြဿနာများရှိသော လူနာများနှင့် အထူးသဖြင့် ကျောက်ကပ်ဆေးရသည့် လူနာများတွင် အရည်များသောက်ဖြစ် ရန်လည်း အလွန်အရေးကြီးသည်။ ကျန်းမာသော ကျောက်ကပ်များက ခံနိုင်သည့် အရည်ပမာဏအတိုင်း လက်ရှိကျောက်ကပ်မှာ ခံနိုင်စွမ်းရှိမည် မဟုတ်ပါ။ ထို့ကြောင့် ဖောရောင်ခြင်းကို ရှောင်လွှဲနိုင်ရန် နေ့ပိုင်းတွင် သောက်သည့် အရည်ပမာဏကို ကန့်သတ်ခြင်းဖြင့် လက်ရှိကျောက်ကပ်ကို ကူညီပေးဖို့ လိုပါသည်။
ကျောက်ကပ်ရောဂါရှိသော လူနာများ၏ အစားအသောက် ဓာတ်စာကို ပလန်ချသောအခါ ထည့်စဉ်းစားရမည့် အခြားအကြောင်းအချက်များမှာ ပိုတက်စီယမ်နှင့် ဖော်စဖောရက်စ် မျှခြေညီခြင်း/စားသောက်ခြင်း ဖြစ်သည်။ ထို့အပြင် ကျောက်ကပ်ဆေးရသည့် လူနာများတွင် ကျောက်ကပ်ဆေးဖို့ သင် သောက်သုံးထားသော အရည်နည်းလေလေ သင့်ကိုယ်ထဲမှ ထုတ်ယူရမည့် ရေနည်းလေလေ ဖြစ်ကာ လူနာများအနေဖြင့် ကျောက်ကပ်ဆေးသည့် ဒဏ်ကို ပို၍ခံနိုင်အောင် ကူညီပေးရာရောက်ပါသည်။
ဤဓာတ်စာ ကန့်သတ်တားမြစ်ချက်များသည် မည်မျှ ခက်ခဲပုံပေါ်နေပါစေ “အရာအားလုံးကို အသင့်အတင့်သာ မှီဝဲရန်” ဆိုသည့် အခြေခံမူက လူနာအများစုအတွက် လမ်းညွှန် အခြေခံမူကောင်းတစ်ခု ဖြစ်ပါသည်။ အသက်ရှင်လျက် အစာစားရသည့် ပျော်ရွှင်မှုကို ထိန်းသိမ်းရင်း သင့်တော်သည့် ဓာတ်စာ ကန့်သတ်ချက်ရှိဖို့ဆိုသည်မှာ အလွန်ဖြစ်နိုင်ခြေ ရှိပါသည်။
သင့်ကျောက်ကပ် ကျန်းမာအောင် ထိန်းထားဖို့ အရေးကြီးသော စည်းကမ်းအချို့မှာ အောက်ပါတို့ ဖြစ်ပါသည် -
● လတ်ဆတ်သော၊ ကျန်းမာရေးညီညွတ်သော အစားအစုံကို စားခြင်း၊ ဖြစ်နိုင်ပါက Mediterranean (မြေထဲပင်လယ်အနီးတဝိုက်ဒေသ) အစားအစာအမျိုးအစားကို စားခြင်း။
● ပြုပြင်ဖန်တီးထားသော အစားအစာများနှင့် အသင့်စား အစားအစာများကို လျှော့နိုင်သမျှလျှော့ခြင်း။
● သင့်သွေးပေါင်ကို ကောင်းကောင်းထိန်းထားခြင်း။
● သင့်သွေးတွင်း သကြားဓာတ်ပမာဏကို ထိန်းခြင်း။
● ဆေးလိပ် သို့မဟုတ် အရက်သောက်ခြင်းကို ရှောင်ခြင်း။
● တစ်ပတ်လျှင် အနည်းဆုံး 5 ကြိမ်နှင့် တစ်ကြိမ်လျှင် 30mins အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်ရမည့် အချိန်ပမာဏနှင့် ပြင်းထန်မှုအကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ လူနာတစ်ဉီးချင်းအလိုက် ကွဲပြားကောင်း ကွဲပြားနိုင်ပါသည်။
နောက်ထပ် အာဟာရဆိုင်ရာ အကြံပြုချက်အချို့ -
● သောက်သုံးလိုက်သော ရေသည် ဆီးအဖြစ် ပြောင်းသွားပါသည်။ နေ့စဉ် သင် သောက်နိုင်သည့် ရေပမာဏကို မှန်မှန်ကန်ကန် အတည်ပြုနိုင်ရန် သင့်ဆရာဝန်သည် သင်နှင့် ဆွေးနွေးရမည်ဖြစ်သည်။
● အငန်ဓာတ်နည်းသော အစားအသောက်သည် သွေးပေါင်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးသည်။
● (တိရစ္ဆာန်မှရသည့်) ပရိုတိန်းဓာတ်ကို အလွန်အကျွံ သို့မဟုတ် အနည်းငယ်သာ မစားပါနှင့်။ သင် စားနိုင်သည့် မှန်ကန်သော ပရိုတိန်းဓာတ် ပမာဏအကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ ၎င်းက လူနာတစ်ဦးနှင့် တစ်ဦး ကွာခြားနိုင်ပါသည်။
● သင့်ခန္ဓာကိုယ်အတွင်း ဖောစဖိတ်ဓာတ် များစေနိုင်သည့် ဖောစဖိတ် တာရှည်ခံဆေးများကို ရှောင်ကြဉ်ပါ။
● အားအင် အလုံအလောက်ရှိအောင် စားသောက်ပါ။ သင့်အတွက် လုံလောက်သော နေ့စဉ် စားသောက်ရမည့် ကယ်လိုရီပမာဏကို အတည်ပြုနိုင်ရန် သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
● တိရစ္ဆာန်မှရသည့် အဆီထက် ဟင်းရွက်မှရသည့် အဆီသည် ပိုကောင်းပါသည်။ ဟင်းရွက်မှရသည့် အဆီတွင် နှလုံးကို ကျန်းမာစေသည့် monounsaturated fatty acids ပါဝင်မှုအချိုးအစား ပိုမြင့်မားပါသည်။
သက်ဆိုင်ရာ အစားအသောက်ဓာတ်စာ အစိတ်အပိုင်းတိုင်းကို အသေးစိတ်ကြည့်ရအောင် -
အားအင် (အန်နာဂျီ)
ကျောက်ကပ်ရောဂါ အဆင့်အားလုံးတွင် အားအင် လုံလုံလောက်လောက် ရရှိဖို့ အထူး အရေးကြီးပါသည်။
ကျန်းမာသော ကျောက်ကပ်ရှိသည့်လူများတွင် ခန္ဓာကိုယ်မှ နေ့စဉ်လိုအပ်သော အားအင်ကို အရပ်၊ ကိုယ်အလေးချိန်၊ အသက်၊ ကျား/မဖြစ်ခြင်းနှင့် တစ်ဦးချင်း၏ နေ့စဉ်လှုပ်ရှားသွားမှုအပေါ် မူတည်ပါသည်။ ဆိုလိုသည်မှာ လူတစ်ယောက်အနေဖြင့် နေ့အလိုက် သုံးစွဲသော အားအင်ပမာဏ ဖြစ်သည်။ အားအင် ရရှိမှုကို ကယ်လိုရီ (cal) သို့မဟုတ် ကီလိုကယ်လိုရီ (kcal) ဖြင့် တိုင်းတာပါသည်။ ကျောက်ကပ်ဆေးသည့် ကုသမှုကို ခံယူနေရသော ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် ရောဂါကိုယ်တိုင်နှင့် ကျောက်ကပ်ဆေးသည့် ကုသမှုက အားအင်များစွာ လိုအပ်ပြီး အလွန် အားစိုက်ထုတ်ရကြောင်း ထည့်သွင်းစဉ်းစားရပါမည်။ ထို့ကြောင့်ပင် ကျောက်ကပ်ရောဂါရှိသည့် လူနာများသည် ကျန်းမာသော လူများထက် အားအင် အနည်းငယ် ပိုလိုအပ်ကြပါသည်။ ကယ်လိုရီနည်းနည်းသာ စားသုံးပါက အားနည်းခြင်း၊ အားအင် မရှိခြင်း၊ ခွန်အား မရှိခြင်းနှင့် အာဟာရချို့တဲ့ခြင်း သို့မဟုတ် အားအင်ချိနဲ့ခြင်းဆိုင်ရာ အခြားလက္ခဏာများကို လူနာများတွင် အလျင်အမြန် ပြနိုင်ပါသည်။ အားအင် အနုတ်ပြနေသော (ဆိုလိုသည်မှာ ကုန်ဆုံးသွားသော အားအင်သည် အစားအစာမှရသည့် အားအင်ထက် ပိုများနေသော) လူနာများတွင် ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်နှင့် အစားအစာမှရသည့် ပရိုတိန်းဓာတ် အနည်းငယ်ကို အားအင်ထောက်ပံ့ဖို့အတွက် သုံးပါသည်။ ထိုသို့ဖြစ်ပါက ပရိုတိန်းဓာတ်ကို အားအင်အရင်းမြစ်အဖြစ် သုံးခြင်းမှထွက်ပေါ်လာသည့် urea ဓာတ်သည် သွေးအတွင်း မလိုလားအပ်ဘဲ များပြားလာနိုင်ပါသည်။ ၎င်းသည် ကျောက်ကပ်အပေါ် ထပ်ဆောင်းဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။
ကိုယ်လက်လှုပ်ရှားမှု အနည်းသာရှိမည့် ကျောက်ကပ်ရောဂါရှိသော လူနာများနှင့် ကျောက်ကပ်ဆေးသည့် လူနာများအတွက် အားအင်ရဖို့ စားသုံးသည့် ပမာဏမှာ အောက်ပါအတိုင်း ဖြစ်သည် -
အနည်းဆုံး 30 - 35 kcal / kg body weight / day*
ဥပမာ- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းသာရှိသည့် ကိုယ်အလေးချိန် 65 kg ရှိသောလူတစ်ဦးသည် အနည်းဆုံး တစ်ရက်လျှင် အားအင် 2275 kcal လိုအပ်ပါသည်။
*Kidney Disease Outcomes Quality Initiative (KDOQI) လမ်းညွှန်ချက်အရ CKD လူနာများအတွက် အဖြစ်သင့်ဆုံး အားအင်ရရှိရန် စားသုံးမှုပမာဏမှာ အသက် 60 နှစ်အောက်လူများအတွက် 35 kcal/kg/d ဖြစ်ပြီး အသက် 60 နှစ်အထက်လူများအတွက် 30-35 kcal/kg/d ဖြစ်သည်။
ကျောက်ကပ်ရောဂါရှိသော လူနာများအားလုံးနှင့် ကျောက်ကပ်ဆေးရသည့် လူနာများအတွက် သွေးတွင်းဓာတ်ပမာဏများနှင့် ကျောက်ကပ်၏ လက်ကျန်စွမ်းဆောင်နိုင်စွမ်းတို့ကို ထည့်သွင်းစဉ်းစားပြီး ပင်မအာဟာရဓာတ်များဖြစ်ကြသည့် ပရိုတိန်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီဓာတ်တို့ ပါဝင်မည့် နေ့စဉ်အစားအသောက်ဓာတ်စာကို တစ်ဦးချင်းအတွက် ပြင်ဆင်ပေးရပါမည်။
ပရိုတိန်း
ပရိုတိန်းကို အသက်ရှင်ရန် အခြေခံကျသည့် အုတ်မြစ်များအဖြစ် ယူဆကြသည်။ ၎င်းတို့သည် ကြွက်သားများ ဖြစ်ပေါ်လာရန်နှင့် ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သည်၊ အောက်စီဂျင်ကဲ့သို့သော မော်လီကျူးများကို သယ်ပို့ပေးသည်၊ ခုခံအားစနစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြီး ကျန်းမာစေပါသည်၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးတွင် အရေးကြီးသော လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေသည်။
ကျောက်ကပ်ရောဂါရှိသော လူနာများတွင် ပရိုတိန်းသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သည်။ Urea ၊ uric acid နှင့် creatinine ကဲ့သို့သော ပရိုတိန်းဓာတ် ဇီဝဖြစ်ပျက်မှုကြောင့် ထွက်လာသည့် စွန့်ထုတ်ပစ္စည်း အများစုကို ဆီးထဲမှတဆင့် စွန့်ထုတ်ပစ်ပါသည်။
ပရိုတိန်းဓာတ်သည် အသည်းတွင် urea ဓာတ်အဖြစ် ပြိုကွဲပြီး ကျန်းမာသောသူများတွင် ကျောက်ကပ်မှတဆင့် စွန့်ထုတ်ကာ ကျောက်ကပ်ဆေးရသည့် လူနာများတွင် ကျောက်ကပ်ဆေးခြင်းဖြင့် စွန့်ထုတ်သည်။
ပရိုတိန်းဓာတ် စားသုံးမှုနည်းခြင်းက တခါတရံ ကျောက်ကပ်ရောဂါအချို့ ဆိုးရွားမှုကို နှောင့်နှေးစေနိုင်ပြီး ကျောက်ကပ်ဆေးသည့် ကုထုံးစတင်ယူရမည့်အချိန်ကို ရွှေ့ပေးနိုင်ပါသည်။
ကျောက်ကပ်ရောဂါအမည်တပ်ခံရသော လူနာများအတွက် တိရစ္ဆာန်မှရသည့် ပရိုတိန်းပါသော အစားအစာ စားသုံးခြင်းကို ကန့်သတ်ရန် အထူးအကြံပြုထားပါသည်။ တိရစ္ဆာန်မှရသည့် အစားအစာများတွင် ပျူရင်းဓာတ် (purine) နှင့် ဖောစဖိတ်ဓာတ်များ ကြွယ်ဝပါသည်။ ပျူရင်းဓာတ်နှင့် ဖောစဖိတ်ဓာတ်များသည် ကျောက်ကပ်ကို ထိခိုက်စေပြီး ထိုဓာတ်များကို စွန့်ထုတ်ရ ပိုခက်ခဲအောင် လုပ်နိုင်ကာ သွေးအတွင်း ထိုဓာတ်များ ဆက်ရှိနေစေပါသည်။ ထို့ကြောင့် ထိုဓာတ်များ စားသုံးခြင်းကို ကန့်သတ်လိုက်ပါက ကျောက်ကပ်အပေါ်ကျရောက်မည့် ဒဏ် လျော့ကျစေနိုင်ပါသည်။
ကျောက်ကပ်ဆေးသည့် ကုသမှု မခံယူထားသည့် ကျောက်ကပ်ရောဂါရှိသော လူနာများအတွက် အကြံပြုထားသော ပရိုတိန်းဓာတ်စားသုံးမှုပမာဏမှာ 0.8 - 1.0 g/kg ဖြစ်သည်။ အကောင်းဆုံးမှာ တိရစ္ဆာန်မှရသည့် ပရိုတိန်းဓာတ်သည် ထိုပမာဏ၏ တစ်ဝက်ထက် မပိုသင့်ပါ။ ပိုဆိုးရွားသည့် ကျောက်ကပ်ရောဂါ (GFR < 25mL/min/1.73m) ရှိသော လူနာများအတွက် အကြံပြုထားသော နေ့စဉ်ပရိုတိန်းဓာတ်စားသုံးမှုပမာဏမှာ 0.6-0.75g/kg ဖြစ်သည်။
အချို့လူနာများတွင် ပရိုတိန်းဓာတ် စားသုံးမှုပမာဏကို ဤထက်ပို၍ တင်းကျပ်ဖို့ လိုကောင်းလိုနိုင်ပါသည်။ ကုသပေးနေသည့် သမားတော်၊ အာဟာရအထူးပြု ကျွမ်းကျင်ပညာရှင်တို့နှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ရောဂါဖြစ်စဉ်အလိုက် ဤကိစ္စရပ်များအတွက် အမြဲ ဆုံးဖြတ်ချက်ချပါ။
ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့သည့် လူနာများ၏ ကျောက်ကပ်အပေါ် ဒဏ်ဖြစ်မှုသက်သာအောင် များသောအားဖြင့် ပရိုတိန်းဓာတ် စားသုံးမှု ကန့်သတ်ဖို့ လိုအပ်ပါသည်။ သို့သော် အခြေခံကျသော လုပ်ငန်းဆောင်တာများစွာကို ဆက်ထိန်းရန် လိုအပ်သော ပရိုတိန်းဓာတ် စားသုံးမှုကို မျှခြေတစ်ခု၌ထားရှိရန် လိုပါသည်။
ပရိုတိန်းဓာတ်နှင့် ကယ်လိုရီ လုံလုံလောက်လောက် မစားသုံးပါက ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်ကို သုံးစွဲရသည့် အန္တရာယ် ရှိပါသည်။ ထို့သို့ဖြစ်ပါက သင့်ကြွက်သားများ ပိန်လှီခြင်း၊ ခုခံအားစနစ် အားနည်းခြင်း၊ ဖောရောင်ခြင်း၊ အနာကျက်နှေးခြင်း၊ ကြွက်သားပိန်လှီမှုကြောင့် အလုံးစုံအားနည်းခြင်းနှင့် နေ့စဉ်စွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ထိုသို့မဖြစ်အောင် ရှောင်ရှားသင့်ပါသည်။
ပရိုတိန်းဓာတ်လိုအပ်မှု တွက်ချက်ပုံ (ဥပမာ) * -
70 kg x 0.8 g / kg = စုစုပေါင်း ပရိုတိန်းဓာတ်ပမာဏ 56 g
ထိုပမာဏ၏ 50 % မှာ တိရစ္ဆာန်မှရသည့် ပရိုတိန်းဓာတ် = 25–30 g
တိရစ္ဆာန်မှရသည့် အစားအစာကို ရွေးချယ်ခြင်းအတွက် ရိုးရှင်းသော လက်တွေ့ကျသည့် စည်းမျဉ်း -
● တစ်ရက်လျှင် အောက်ပါတို့ထဲမှ တစ်ခု - ¼ l နို့ထွက်ပစ္စည်း သို့မဟုတ် ပဲနို့ထုတ်ပစ္စည်း၊ ချိစ် 1–2 ပြား (60 g)၊ ကြက်ဉ 1 လုံး
● သို့မဟုတ် အသား သို့မဟုတ် ငါး 1 ပွဲစာ နှင့် အခြားတိရစ္ဆာန်မှရသည့် ပရိုတိန်းဓာတ်များ မပါဝင်ပါ
ဖောစဖိတ်ကဲ့သို့သော တာရှည်ခံဆေးများ မပါသည့် လတ်ဆတ်သော အစားအစာများကို ရွေးချယ်စားသောက်ပါ။
"5 g ပရိုတိန်းဓာတ်" ပါသော အစားအစာအပြောင်းအလဲလုပ်ရန် ဇယားကွက်သည် တိရစ္ဆာန်မှရသည့် အစားအစာများ၏ ပရိုတိန်းဓာတ်ပါဝင်မှုကို စိစစ်အကဲဖြတ်နိုင်အောင် ကူညီပေးပါလိမ့်မည်။
အတွေ့ရများသော တစ်ပွဲစာ အစားအစာအတွင်း ပရိုတိန်းဓာတ် ပါဝင်မှုမှာ -
က) တိရစ္ဆာန်မှရသည့် အစားအစာများ
အရေအတွက် |
အရေအတွက် |
ပရိုတိန်း (g) |
|
အဆီနည်းသော quark (ဒိန်ချဉ်တစ်မျိုး) |
စားပွဲတင်ဇွန်း 1 ဇွန်း |
30 g |
4 |
quark (ဒိန်ချဉ်တစ်မျိုး)၊ အဆီပါဝင်မှု 40% i. Tr . |
စားပွဲတင်ဇွန်း 1 ဇွန်း |
30 g |
3 |
အသား (အသားတင် အလေးချိန်) |
1 ပွဲစာ |
125 g |
25 |
ငါး |
1 ပွဲစာ |
150 g |
27 |
ချိစ် |
1 ပြား |
40 g |
10 |
ဒိန်ချဉ် |
1 ခွက် |
150 g |
5 |
နို့ |
1 ဖန်ခွက် |
200 ml |
7 |
ရေခဲမုန့် |
အကြီး 1 လုံး |
75 g |
2
|
No filter results
ခ) အပင်မှရသည့် အစားအစာများ
အရေအတွက် |
ပရိုတိန်း (g) |
||
အာလူး |
1 ပွဲ (3 စိပ်မှ 4 စိပ်) |
250 g |
5 |
ဆန် (အသားတင် အလေးချိန်) |
အရန်ဟင်းအနေဖြင့် |
60 g |
4 |
ပါစတာခေါက်ဆွဲ (ခေါက်ဆွဲ၏ အလေးချိန်သာ) |
အရန်ဟင်းအနေဖြင့် |
60 g |
6 |
ပါစတာခေါက်ဆွဲ (ခေါက်ဆွဲ၏ အလေးချိန်သာ) |
အဓိက ဟင်းပွဲ |
100 g |
12 |
ပေါင်မုန့်အညို |
1 ချပ် |
50 g |
3 |
ပေါင်မုန့်လုံး |
1 ခု |
45 g |
3 |
နှံစားပင်ထုတ် မနက်စာ စီရီယယ် |
စားပွဲတင်ဇွန်း 1 ဇွန်း |
60 g |
6 |
ပဲနီကလေး |
1 ပွဲစာ |
150 g |
4 |
ကိတ်မုန့် |
1 စိပ် |
70 g |
4 |
ဟင်းသီးဟင်းရွက် |
1 ပွဲစာ |
150 g |
1 |
သစ်သီး |
1 ပွဲစာ |
150 g |
1 |
သစ်သီးယို |
စားပွဲတင်ဇွန်း 1 ဇွန်း |
10 g |
0
|
No filter results
ဖောစဖိတ်
ဖောစဖိတ်ဓာတ်သည် လူ့အရိုး ဇီဝဖြစ်ပျက်မှုတွင် မရှိမဖြစ်အခန်းကဏ္ဍက ပါဝင်သည်။ ပုံမှန်အားဖြင့် အစားအစာမှရသည့် ဖောစဖိတ်ဓာတ်ကို အူလမ်းကြောင်းတွင် စုပ်ယူပြီး ပိုလျှံပါက ကျောက်ကပ်မှတဆင့် စွန့်ထုတ်ပါသည်။ ဖောစဖိတ်ပမာဏမြင့်ခြင်းသည် ကျောက်ကပ်လုပ်ငန်းဆောင်တာ ယိုယွင်းမှု လက္ခဏာတစ်ခု ဖြစ်သည်။ ချို့ယွင်းချက်ရှိသော ကျောက်ကပ်သည် ဖောစဖိတ်ဓာတ်ကို အသေအချာ ဖယ်ရှားနိုင်စွမ်း မရှိတော့ပါ။ ဖောစဖိတ်ဓာတ် ပိုလျှံစုပုံခြင်းသည် သွေးကြောအတွင်း သတ္တုဓာတ်များ စုပုံပိတ်ဆို့မှု ဖြစ်စေနိုင်ပြီး ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် လေဖြတ်ခြင်း သို့မဟုတ် ခြေလက်များတွင် သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေမြင့်မားစေနိုင်ပါသည်။ ထို့အပြင် ဖောစဖိတ်ဓာတ် ပမာဏများခြင်းသည် အရိုးကိုပျော့စေနိုင်ပြီး ပို၍အလွယ်တကူ အရိုးကျိုးအက်စေနိုင်ပါသည်။
ကျောက်ကပ်ရောဂါရှိသော လူနာများတွင် ဖောစဖိတ်ဓာတ် ပမာဏ ထိန်းညှိရန် နည်းလမ်းများထဲမှ တစ်ခုမှာ ဖောစဖိတ် စားသုံးမှု လျှော့ချခြင်း ဖြစ်သည်။
ဖောစဖိတ်ဓာတ်နည်းသည့် အစားအစာကို ကျွန်ုပ် ဘယ်လို စားသုံးရမလဲ။
ဖောစဖိတ်ဓာတ် စားသုံးမှုသည် ပရိုတိန်းဓာတ် စားသုံးမှုနှင့် အလွန်ဆက်စပ်မှုရှိပါသည်။ ဆိုလိုသည်မှာ နို့ထွက်ပစ္စည်းများ၊ အသားနှင့် အသားအူချောင်းကဲ့သို့သော ပရိုတိန်းဓာတ် ကြွယ်ဝသည့် အစားအစာများတွင်လည်း ဖောစဖိတ်ဓာတ် မြင့်မားပါသည်။
အစားအစာအမျိုးမျိုးတွင် ဖောစဖိတ်ပါဝင်သော တာရှည်ခံဆေးများ ပါဝင်သည်။ အစားအစာ၏ လေဘယ်တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းများစာရင်းတွင် ဤအချက်အလက်ကို တွေ့နိုင်ပါသည်။
ဖောစဖိတ်ကို အစားအစာမှ ဖယ်ရှားဖို့မဖြစ်နိုင်ပါ သို့မဟုတ် အစာထုပ်ပိုးပြင်ဆင်ချိန်တွင် ဖယ်ရှားပစ်ဖို့ အလွန်ခက်ခဲပါသည်။ ထို့ကြောင့် ချက်ပြုတ်ထားသော ဟင်းများတွင်လည်း မချက်ရသေးသော အစားအစာထုတ်ကုန်များတွင် ပါဝင်သည့် ဖောစဖိတ်ပမာဏနီးပါး ပါဝင်ပါသည်။
သိဖို့ကောင်းသည့်အချက်- အစာအာဟာရ ဇယားကွက်များတွင် အမြဲပါဝင်သည်မှာ ဓာတ်ခွဲခန်းတွင် တိုင်းတာထားသော စံတန်ဖိုး ဖြစ်ပြီး အူလမ်းကြောင်းမှ အမှန်တကယ် စုပ်ယူသည့် စံတန်ဖိုး မဟုတ်ပါ။
ဖောစဖိတ်ဓာတ် ထည့်ထားသော အစားအစာနှင့်ပြောင်းပြန်၊ ဖိုင်ဘာကြွယ်ဝသော အစားအစာများမှ ဖောစဖိတ်ဓာတ်၏ 50 မှ 60% ကိုသာ ခန္ဓာကိုယ်က စုပ်ယူနိုင်ပါသည်။ ပြုပြင်ဖန်တီးထားသော အစားအစာအများအပြားတွင် ပါဝင်သည့် အစာတာရှည်ခံဆေးထဲမှ ဖောစဖိတ်ဓာတ် အားလုံးနီးပါးကို ခန္ဓာကိုယ်က စုပ်ယူပါသည်။
လက်တွေ့အသုံးဝင်သည့် အကြံပြုချက်များ -
● ပြုပြင်ဖန်တီးထားသော အသင့်စား ချိစ်ပုံစံမျိုးစုံ (ဥပမာ - ချက်ပြုတ်ထားသော ချိစ်၊ သုတ်လိမ်းရသည့် ချိစ်၊ ပြုပြင်ဖန်တီးထားသော ချိစ်)၊ နို့မှုန့်နှင့် နို့ဆီတို့တွင် ဖောစဖိတ်ဓာတ်များစွာ ပါဝင်ပါသည် သို့မဟုတ် ထည့်ထားပါသည်။ ထိုအစားအစာများကို သင် ရှောင်ကြဉ်သင့်ပါသည်။
● ချိစ်အမာ သို့မဟုတ် ချိစ်မမာမပျော့ကို ရံဖန်ရံခါမှ နည်းနည်းသာ စားပါ။ ဆိုလိုသည်မှာ တစ်နေ့လျှင် ချိစ်ပါးပါး 1–2 ပြား (25–50 g) ထက် ပိုမစားရပါ။
● Quark (ဒိန်ချဉ်တစ်မျိုး)၊ ခရင်မ်ချိစ်၊ camembert (ပြင်သစ်ချိစ်ပျော့တစ်မျိုး)၊ brie ချိစ် သို့မဟုတ် mozzarella ချိစ်ကဲ့သို့သော ဖော်စဖိတ်ဓာတ်နည်းသည့် ချိစ်များကို ရွေးချယ်ပါ။
● နို့အရည်ထုတ်ကုန်အားလုံးတွင် ပိုတက်စီယမ်နှင့် ဖောစဖိတ်များစွာ ပါဝင်ပါသည်။ ထို့ကြောင့် တစ်နေ့လျှင် နို့၊ ထောပတ်နို့ သို့မဟုတ် ဒိန်ချဉ် 1/8 l ထက်ပို၍ မစားမသောက်ပါနှင့်။
● တာရှည်ခံအောင်လုပ်ထားသော အသားကဲ့သို့ ပြုပြင်ဖန်တီးထားသော အသား သို့မဟုတ် အသားအူချောင်းများတွင် ဖောစဖိတ်တာရှည်ခံဆေးများ ပါလေ့ရှိသောကြောင့် လတ်ဆတ်သော အသားသည် ထိုအသားများထက် ပိုသင့်တော်ပါသည်။
● သားသတ်ရောင်းသည့်ဆိုင်တွင် ဖောစဖိတ်ဓာတ် မထည့်ထားသော အသားအူချောင်းအကြောင်း အထူး မေးဝယ်ပါ။
● တစ်နေ့လျှင် လတ်လတ်ဆတ်ဆတ် ရောင်းချသော အသား ပွဲသေးတစ်ပွဲစာ (125 g ခန့်) ကိုသာ စားပါ။
● အစေ့အဆံများ၊ ဗာဒံစေ့များနှင့် ချောကလက်တွင် ဖောစဖိတ် ကြွယ်ဝသော်လည်း အနည်းငယ် စားနိုင်ပါသည်။
● ပုံမှန်သုံးနေကျ မုန့်ဖုတ်ပေါင်ဒါမှုန့် (အထုပ် 1 ထုပ်တွင် ဖောစဖိတ် 1500mg အထိ ပါရှိနိုင်ပါသည်) တွင် ဖောစဖိတ်ဓာတ် အလွန်ကြွယ်ဝသောကြောင့် မုန့်ဖုတ်ရန်အတွက် ၎င်းအစား ဖောစဖိတ်မပါသော မုန့်ဖုတ်ပေါင်ဒါမှုန့်၊ (tartar ခရင်မ်မှုန့်) deer horn salt (မုန့်ဖုတ်ပေါင်ဒါမှုန့်တစ်မျိုး) သို့မဟုတ် မုန့်ဖုတ်ဆော်ဒါကို သုံးပါက ပိုကောင်းပါသည်။
● ပြုပြင်ဖန်တီးထားသော အစားအစာတွင် တာရှည်ခံဆေးအနေဖြင့် ဖောစဖိတ်ဓာတ် ပါဝင်နိုင်ပါသည်။ ထို့ကြောင့် လတ်ဆတ်ပြီး မပြုမပြင်ထားသော အစားအစာများကို တတ်နိုင်သမျှများများ သုံးပြီး ဈေးဝယ်ထွက်သောအခါ ထုတ်ကုန်ပစ္စည်းများ၏ ပါဝင်ပစ္စည်းများစာရင်းကို ဖတ်ကြည့်ပါ။
ဖောစဖိတ်တာရှည်ခံဆေး
အစားအစာများစွာတွင် ဖောစဖိတ်ပါဝင်သော တာရှည်ခံဆေးများ ပါဝင်သည်။ အစားအစာ လေဘယ်တွင် E ဖြင့်စပြီး နောက်မှနံပါတ်တစ်ခုလိုက်သည့်ပုံစံဖြင့် ပါဝင်ပစ္စည်းစာရင်းဆိုင်ရာ အချက်အလက်ကို သင် ရှာတွေ့ပါလိမ့်မည် (E = Europe)။ နမူနာအချို့ကို ဤတွင် ကြည့်ပါ -
E 322, E 338, E 339, E 340, E 341, E 343, E 450 a, E 450 b, E 450 c, E 540, E 543, E 544, E 1410, E 1412, E 1413, E 1414 , E 1442
ဖြစ်နိုင်ပါက ဖောစဖိတ်ပါဝင်သော ဤတာရှည်ခံဆေးများကို သင် ရှောင်ကြဉ်သင့်ပါသည်။ ဖောစဖိတ်ဓာတ် စားသုံးမှု လျှော့ချရန် လိုမလိုနှင့် မည်သို့လျှော့ချနိုင်ကြောင်း သိရရန် သင့်ဆရာဝန်၊ အာဟာရပညာရှင်များနှင့် ဆွေးနွေးပါ။
E နံပါတ် |
ဖော်ပြချက် |
အကျိုးသက်ရောက်မှု |
၎င်းတို့ကို ဘယ်မှာ ရှာတွေ့နိုင်သလဲ။ |
E338 |
Phosphoric acid (orthophosphoric acid နှင့် phosphate လည်း ပါဝင်) |
Complexing agent (ဆပ်ပြာမှုန့်အဖြစ်သုံးလေ့ရှိသည့် ဓာတုပစ္စည်း)၊ acid regulator (နဂိုအရသာ မပျောက်စေသည့် တာရှည်ခံဆေး)၊ melting salt (အရည်ပျော်နိုင်သည့် ဆား) |
ကိုလာ၊ ကော်ဖီထဲထည့်သည့် ခရင်မ်၊ နို့မှုန့် |
E339 |
Sodium phosphate |
||
E340 |
Potassium phosphate |
||
E341 |
Calcium phosphate |
||
E343 |
Magnesium phosphate |
||
E442 |
Ammonium phosphatides |
Emulsifier (ရေဓာတ်နှင့် အဆီမပြိုကွဲအောင် ဟန့်တားပေးသည့် ဓာတုပစ္စည်း) |
ကိုကိုးနှင့် ချောကလက် ထုတ်ကုန်ပစ္စည်းများ |
E450 |
Diphosphates |
Complexing agents (ဆပ်ပြာမှုန့်အဖြစ်သုံးလေ့ရှိသည့် ဓာတုပစ္စည်း)၊ acid regulators (နဂိုအရသာ မပျောက်စေသည့် တာရှည်ခံဆေး)၊ melting salts (အရည်ပျော်နိုင်သည့် ဆား) |
အသားထုတ်ကုန်ပစ္စည်းများ၊ ပြုပြင်ဖန်တီးထားသော ချိစ်နှင့် ထိုချိစ်ဖြင့် ဖန်တီးထားသော အသင့်စား အစားအစာများ၊ အချိုပွဲများ၊ ရေခဲ၊ မုန့်ဖုတ်ရာတွင် ရောနှောသည့်အမှုန့်များ၊ မုန့်ဖုန်ပေါင်ဒါမှုန့် |
E451 |
Triphosphates |
||
E452 |
Polyphosphates |
||
E541 |
Sodium aluminum acid phosphate |
Raising agent (မုန့်ပွအောင် သုံးသည့် အမှုန့်တစ်မျိုး) |
ဘီစကစ် |
E1410 |
Monostarch phosphate |
Modified starch (ပြုပြင်ပြောင်းလဲထားသော ကစီဓာတ်)၊ stabilizer (အစားအသောက်ပုံစံမပြောင်းအောင် ထိန်းပေးသည့်ပစ္စည်း)၊ carrier (အရည်ပျော်စေသည့် ပစ္စည်း)၊ thickener (အရည်ပျစ်စေသည့် ပစ္စည်း) |
တွဲစားရသည့် အစာ၊ ဆော့များ၊ မုန့်အလွှာအတွင်း အသီးထည့်ခြင်း၊ custard (ကြက်ဥ သကြား နို့ရော) အမှုန့်၊ အသင့်စား စွပ်ပြုတ်၊ ပေါင်မုန့်နှင့် ဖုတ်ထားသော အစားအစာများ |
E1412 |
Distarch phosphate |
||
E1413 |
Phosphated distarch phosphate |
||
E1414 |
Acetylated distarch phosphate |
Modified starch (ပြုပြင်ပြောင်းလဲထားသော ကစီဓာတ်)၊ stabilizer (အစားအသောက်ပုံစံမပြောင်းအောင် ထိန်းပေးသည့်ပစ္စည်း)၊ carrier (အရည်ပျော်စေသည့် ပစ္စည်း)၊ thickener (အရည်ပျစ်စေသည့် ပစ္စည်း) |
အေးခဲထားသော စားစရာများ၊ ဆော့များ၊ စွပ်ပြုတ်များ၊ အချိုပွဲများ၊ အချိုကဲသော စားစရာ၊ မုန့်ဖုတ်အစားအစာများနှင့် မုန့်အလွှာအတွင်း ထည့်ရသည့် စားစရာများ၊ ချိစ်နှင့် ပြုပြင်ဖန်တီးထားသော အသင့်စား ချိစ်များ |
E1442 |
Hydroxypropyl distarch phosphate |
Emulsifier (ရေဓာတ်နှင့် အဆီမပြိုကွဲအောင် ဟန့်တားပေးသည့် ဓာတုပစ္စည်း)၊ modified starch (ပြုပြင်ပြောင်းလဲထားသော ကစီဓာတ်)၊ stabilizer (အစားအသောက်ပုံစံမပြောင်းအောင် ထိန်းပေးသည့်ပစ္စည်း)၊ thickener (အရည်ပျစ်စေသည့် ပစ္စည်း) |
ပိုင်မုန့်အတွင်း ထည့်ရသည့် အရာများ၊ အသုပ်ပြင်ဆင်ရာတွင်ထည့်သော အရာများ၊ ပီကေ၊ နောက်ဆုံးအဆင့် စားစရာထုတ်ကုန်များ |
No filter results
စားပွဲတင်ဆား / sodium chloride
နာတာရှည်ကျောက်ကပ်ရောဂါအတွက် ဆိုဒီယမ်နည်းသော အစားအသောက်ဆိုသည်မှာ တစ်ရက်လျှင် စားပွဲတင်ဆား (sodium chloride = NaCl) ပမာဏ 5 မှ 6 g ပါသော အစားအစာဟု ဆိုလိုပါသည်။ ၎င်းသည် ဆိုဒီယမ် (Na) 2000 မှ 2400 mg သို့မဟုတ် 87 မှ 105 mmol နှင့် ညီမျှသည်။
ဆား (sodium chloride) သည် ခန္ဓာကိုယ်အတွင်း အရေးကြီးသော လုပ်ငန်းစဉ်များစွာတွင် ပါဝင်သော မရှိမဖြစ်အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ လိုအပ်တာထက် ပိုများသော ဆားပမာဏကို အစားအသောက်မှ စားသောက်မိတတ်ကြသည်။ ဆားဓာတ် စားသုံးမှုများခြင်းက သွေးပေါင်တက်စေရုံသာမက ခန္ဓာကိုယ်တစ်သျှူးများ၏ အတွင်းဘက်နှင့် သွေးလည်ပတ်မှု၏ အပြင်ဘက်ရှိ မျှခြေညီမှုကိုလည်း ပျက်စီးစေပြီး အရည်များစုဝေးလာနိုင်ပါသည် (ဖောရောင်ခြင်းဟုလည်း ခေါ်ပါသည်)။
စားသုံးသော စားပွဲတင်ဆားပမာဏ နည်းလေလေ သင့်သွေးပေါင်ချိန် ကျလေလေ ဖြစ်ပြီး အထိရောက်ဆုံးသော သွေးကျဆေးများက ပိုထိရောက်လေလေ ဖြစ်သည်။ သွေးပေါင်ပုံမှန်ထိန်းခြင်းက ကျောက်ကပ်ဒဏ်ဖြစ်ခြင်းကို လျှော့ချပေးပြီး ကျောက်ကပ်ရောဂါရှိသော လူနာများ၏ ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းမှုကို လျှော့ချပေးနိုင်ပါသည်။
ဆားဓာတ်နည်းသော အစားအသောက် စားရန် အကြံပြုချက်များ
• မည်သည့်ဆားမဆို စားသုံးမှုကို လျှော့ချပါ။ ဥပမာအနေဖြင့် ဆားအမျိုးအစားများဖြစ်ကြသည့် iodized salt ၊ sea salt ၊ herb salt ၊ garlic salt ၊ celery salt ၊ rock salt ၊ Himalayan salt ၊ vegetable bouillon cubes ၊ meat bouillon cubes စသည်ဖြင့်တို့ ပါဝင်ပါသည်။
• ပဲငံပြာရည်သည် အလွန်ငန်ပါသည်။ သို့သော် ဆားဓာတ်လျှော့ထားသော ပဲငံပြာရည်များလည်း ရှိပါသည်။ လေဘယ်တံဆိပ်များကို ဖတ်ကြည့်ပါ။
• ပြုပြင်ဖန်တီးထားသော သို့မဟုတ် အထူးပြုပြင်ဖန်တီးထားသော အစားအစာများ၊ ဆားရည်စိမ် သခွားသီးများ၊ ဝက်ပေါင်ခြောက် အစိမ်း၊ ငါးခြောက်လေးများ သို့မဟုတ် ဆားလူး ငါးသလောက်များကဲ့သို့သော တာရှည်ခံအောင် လုပ်ထားသော ကျပ်တင်ထားသော အသားနှင့် ငါး ထုတ်ကုန်များအပြင် အသင့်စား အစားအစာများ၊ အသင့်စား စွပ်ပြုတ်များ၊ ကြက်သားမှုန့်အခဲများနှင့် အသင့်စား ဆော့များကဲ့သို့သော အလွန်ငန်ပြီး ပြုပြင်ဖန်တီးထားသည့် အစားအစာများကို ရှောင်ကြဉ်ပါ။
• ဆားသုံးစရာမလိုဘဲ သင့်အစားအစာကို ဟင်းအနံ့အရသာထည့်နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ကြက်သွန်ဖြူ၊ ရှောက်သီး သို့မဟုတ် သံပရာသီး သို့မဟုတ် သင် စဉ်းစား၍ရသည့် ဟင်းခတ်အမွှေးအကြိုင်များကို ပေါင်းထည့်ခြင်းဖြင့် သင့်အစားအစာအတွက် အနံ့အရသာများစွာ ထည့်နိုင်ပါသည်။ ဆားကိုပင် သင် သတိရတော့မည် မဟုတ်ပါ။
• ဆိုဒီယမ်နည်းသော ဆား၊ ဆိုဒီယမ်တဝက်လျှော့ထားသော ဆား သို့မဟုတ် ဓာတ်စာဖြစ် ဆားတို့တွင် ပိုတက်စီယမ်ဓာတ်များစွာ ပါဝင်ပြီး ကျောက်ကပ်ရောဂါရှိသော လူနာများတွင်လည်း ထိုဓာတ်များကို ထိန်းဖို့လိုအပ်သောကြောင့် ထိုကဲ့သို့သော ဆားအစားထိုး ဆားမှုန့်များကို အသုံးမပြုဖို့ အကြံပြုပါသည်။
• ထုံးစံအတိုင်း ဖြစ်နိုင်ပါက ပါဝင်ပစ္စည်းများစာရင်းကို ဂရုပြုဖတ်ကြည့်ပါ။
ဆားဓာတ်နည်းသော အစားအသောက် စားသောက်ရခြင်းမှာ အတော်အတန် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်ပြီး ထိုစားသောက်မှုပုံစံကို လိုက်နာဖို့ ခက်ခဲနိုင်ပါသည်။ သို့သော် အရှုံးမပေးနှင့်။ တစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာပြီးနောက် လျှာပေါ်က အာရုံခံဖုလေးများက ကျင့်သားရသွားတတ်ပါသည်။
ပိုတက်စီယမ်
စားပွဲတင်ဆားတွင်ပါသည့် ဆိုဒီယမ်ကဲ့သို့ပင် ပိုတက်စီယမ်သည် electrolyte (လျှပ်လိုက်ဓာတ်ပစ္စည်း) တစ်မျိုး ဖြစ်သည်။ ဦးနှောက်၏ အာရုံကြောကလာပ်စည်းများအကြား စေ့ဆော်မှုများကို သယ်ပို့ထုတ်လွှတ်ရန်အတွက်၊ ကြွက်သားနှင့် နှလုံးကို ထိန်းချုပ်သော အာရုံကြော စေ့ဆော်မှုများကို သယ်ပို့ထုတ်လွှတ်ရန်အတွက် အလွန်အရေးကြီးပါသည်။ ပိုတက်စီယမ် ပမာဏများခြင်းက ကြွက်သားအားနည်းခြင်းကို ဖြစ်စေပြီး အဆိုးဆုံးအခြေအနေတွင် cardiac arrest (နှလုံးခုန်ရပ်တန့်ခြင်း) ကို ဖြစ်စေနိုင်ပါသည်။ ပိုတက်စီယမ်နည်းခြင်းက ကြွက်သားများအား အလွန်အကျွံ လှုံ့ဆော်ခြင်းနှင့် cardiac arrhythmia (နှလုံးခုန် စည်းဝါးမမှန်ခြင်း) ကို ဖြစ်စေနိုင်ပါသည်။
ကျောက်ကပ်သည် ပိုတက်စီယမ်ဓာတ် စွန့်ထုတ်ပေးသော အဓိကအင်္ဂါအစိတ်အပိုင်း ဖြစ်သောကြောင့် ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့သောအခါ သို့မဟုတ် ကျောက်ကပ်ရောဂါ ဖြစ်သောအခါ ပိုတက်စီယမ်ပမာဏ မျှခြေအပေါ် ထိခိုက်မှု ရှိသည်။ သို့သော် ရောဂါဖြစ်နေသည့် ကျောက်ကပ်သည် ပိုတက်စီယမ်ပမာဏကို အချိန်ကာလကြာကြာ သင့်တော်သလို ထိန်းညှိပေးနိုင်ပါသေးသည်။ ကျောက်ကပ်စွမ်းဆောင်ရည် ပို၍ပို၍ ကျဆင်းလာစဉ် (ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့သောအခါ) ပိုတက်စီယမ် စွန့်ထုတ်မှုလည်း ကျလာပြီး သွေးတွင်း ပိုတက်စီယမ်ပမာဏ တက်လာပါသည်။ ၎င်းသည် အလွန်အန္တရာယ်များပြီး ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုအပ်နိုင်ပါသည်။
ပိုတက်စီယမ်တက်ရသည့် အခြားအကြောင်းရင်းများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။
အစားအသောက်အပြင် သွေးတွင်း ပိုတက်စီယမ်ဓာတ် မြင့်တက်စေသည့် အခြားအကြောင်းရင်းများစွာ ရှိပါသည်။ ဥပမာ - ပရိုတိန်းဓာတ်နည်းနည်းသာ စားသောအခါ ကြွက်သားပြိုပျက်ခြင်း သို့မဟုတ် အက်စစ်ဓာတ်များသည့် ဇီဝဖြစ်စဉ်မှ ထုတ်ကုန်ပစ္စည်းများကို ကျောက်ကပ်က အသေအချာ မစွန့်ထုတ်နိုင်သောအခါ သွေးကို ပို၍အက်စစ်ဓာတ်များခြင်း။ ၎င်းသည် ပိုတက်စီယမ် များစေပါသည်။ အန်ခြင်း နှင့်/သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့သော အခြားအခြေအနေများတွင် သွေးတွင်း ပိုတက်စီယမ်ပမာဏကို ကျစေပါသည်။ အချို့ဆေးဝါးများကလည်း သင့်ပိုတက်စီယမ်ပမာဏကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့်ပင် ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ဆေးသောက်ရန်အပြင် သင့်ဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြရန် အရေးကြီးပါသည်။
ရေ
နေ့စဉ် အရည်သောက်သုံးမှုပမာဏသည် ကျောက်ကပ်ရောဂါရှိသော လူနာတိုင်းနှင့် ကျောက်ကပ်ဆေးနေရသည့် လူနာတိုင်းအတွက် ပင်မအခက်အခဲတစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်အတွင်း အရည်ပမာဏသည် အလွန်များနေပါက ရေသည် တစ်သျှူးအချို့တွင် စုဝေးလာပြီး ဖောရောင်စေပါသည်။
အများဆုံး အရည်ပမာဏသည် တစ်နေ့လျှင် 2-3 လီတာထက် မကျော်လွန်သင့်ပါ။
ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့သောအခါတွင်ပင် ကျောက်ကပ်၏ ရေစွန့်ထုတ်နိုင်စွမ်းသည် ရောဂါနောက်ဆုံးအဆင့် ရောက်သည်အထိ ရပ်တန့်မသွားပါ။
ယေဘုယျအားဖြင့် ရေစုဝေးခြင်း (ဖောရောင်ခြင်း) ကို ရှောင်ကြဉ်ရန် အောက်ပါစည်းမျဉ်းကို လိုက်နာပါ -
လွန်ခဲ့သော 24 နာရီအတွင်း စွန့်ထုတ်လိုက်သော ဆီးပမာဏနှင့် 500 - 800 ml ပေါင်းသောရလဒ်သည် သင့်ကို သောက်ခွင့်ပြုနိုင်သည့် ပမာဏနှင့် ညီမျှပါမည်။
သို့သော် ၎င်းမှာ လမ်းညွှန်အခြေခံမူတစ်ခုသာ ဖြစ်ပြီး ကုသပေးနေသည့် ကျောက်ကပ်အထူးကုဆရာဝန်နှင့်အတူ နေ့စဉ်သောက်ခွင့်ပြုနိုင်သည့် အရည်ပမာဏကို တစ်ဦးချင်းအလိုက် ဆုံးဖြတ်အတည်ပြုသင့်ပြီး လူနာရောက်ရှိနေသည့် ကျောက်ကပ်ရောဂါအဆင့်နှင့် သင့်တော်သလို ပြောင်းလဲသင့်ပါသည်။
သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ