ကုသနည်း
နာတာရှည် ကျောက်ကပ် လုံးဝအလုပ်မလုပ်တော့ခြင်းကို ကုသရန်အလို့ငှာ ဖြစ်နိုင်ပါက ရောဂါအရင်းခံကို အရင်ဆုံး ကုသသင့်ပါသည်။ ထို့အပြင် CKD ရောဂါကုသရာတွင် အမျိုးမျိုးသော ဆောင်ရွက်ချက်များဖြင့် ရောဂါဆိုးရွားမှု နှောင့်နှေးစေရန် ရည်ရွယ်ပါသည် -
1.- သွေးပေါင် ပုံမှန်ဖြစ်အောင်ထိန်းခြင်း - လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ကျအောင် အစားအသောက် မျှမျှတတစားခြင်းနှင့် သွေးကျဆေးသောက်ခြင်းတို့က သွေးပေါင်ထိန်းရန် ဘက်ပေါင်းစုံဆောင်ရွက်ချက်တစ်ခု ဖြစ်နိုင်ပါသည်။
2.- ဆီးချိုရောဂါတွင် သွေးတွင်းအချိုဓာတ် ထိန်းခြင်း - သွေးတွင်းအချိုဓာတ် ကျစေရန် အစားအသောက်ပုံစံပြောင်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဆေးသောက်ခြင်း။
3.- အာဟာရဖြစ်သော အစားအသောက် - CKD လူနာများသည် အစာအာဟာရအထူးပြု ပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ပရိုတိန်းဓာတ် အလွန်အကျွံမပါဘဲ ဆားနည်းပြီး ဖောစဖိတ်နည်းသော အစားအသောက်သည် CKD လူနာအားလုံးအတွက် ယေဘုယျကုသနည်း၏ အခြေခံကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
4.- ခန္ဓာကိုယ်အလေးချိန် - ကျန်းမာသော ခန္ဓာကိုယ်အလေးချိန် ထိန်းထားခြင်းက သင့်အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါသည်။ ကိုယ်တိုင်မကြိုးစားလိုက်ရဘဲ ကိုယ်အလေးချိန်ကျပါက ကျန်းမာအောင်နေရန် မှန်ကန်သည့် အစာအာဟာရကို သင် စားသောက်မနေတာမျိုး ဖြစ်နိုင်ပါသည်။ လိုအပ်ပါက သင့်အစာအာဟာရအထူးပြု ပညာရှင်အနေဖြင့် သင့်အစားအသောက်တွင် ကယ်လိုရီထပ်ဆောင်းရရှိရန် မည်သို့ဘေးကင်းကင်း စားသောက်နိုင်ကြောင်း အကြံပြုနိုင်ပါသည်။
အခြားတဖက်တွင်မူ တဖြည်းဖြည်း သင် ကိုယ်အလေးချိန် အလွန်တရာတက်လာပါက ကယ်လိုရီ လျှော့ချပြီး လှုပ်ရှားမှုအားကောင်းဖို့ လိုပါမည်။ ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်းသည်လည်း ပြဿနာတစ်ရပ် ဖြစ်နိုင်ပါသည်။ ဖူးယောင်ခြင်း၊ အသက်ရှုကျပ်ခြင်းနှင့် သွေးပေါင်တက်ခြင်းတို့ပါ ဆက်ဖြစ်လာပါက သင့်ခန္ဓာကိုယ်အတွင်း အရည်များစွာ စုနေသည့်လက္ခဏာ ဖြစ်နိုင်ပါသည်။ သင့်ကိုယ်အလေးချိန် သိသိသာသာ ပြောင်းသွားပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
5.- ဆေးလိပ်ဖြတ်ခြင်း - သင် ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးနိုင်မည့် အရာအားလုံးနှင့်ပတ်သက်ပြီး သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
6.- ကိုလက်စထရောပမာဏ မြင့်တက်နေပါက ကိုလက်စထရော ကျစေမည့် ဆေးဝါးများ ပေးခြင်း။⁶
7.- ကျောက်ကပ်ထိခိုက်ပျက်စီးစေမည့် ဆေးဝါးများ ရှောင်ကြဉ်ခြင်း (ဉပမာ - စတီးရွိုက်မဟုတ်သည့် အရောင်ကျဆေး (non-steroidal anti inflammatory drugs) အချို့ သို့မဟုတ် ဓာတ်မှန်ပုံထွက် ပိုပြတ်သားစေသည့် အရည်ပျစ်)
အထူးသဖြင့် ရောဂါကုသစီမံရခက်ခဲသောအခါ၊ ကုသမှု ထူးခြားမလာသောအခါ သို့မဟုတ် ကုသလျက်နှင့် တိုးတက်မလာသောအခါ CKD လူနာများကို ကျောက်ကပ်အထူးကုဆရာဝန် (nephrologist ဟု ခေါ်သည်) တစ်ဦးဖြင့် ပုံမှန်စမ်းသပ်စစ်ဆေးပြီး ရက်ချိန်းပြရန် အရေးကြီးပါသည်။ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သည့် CKD ရောဂါအတွက်လည်း ကျောက်ကပ်အထူးကုဆရာဝန်ဖြင့် ရက်ချိန်းပြသင့်ပါသည်။
သွေးအားနည်းခြင်းနှင့် အရိုးကျန်းမာရေးပြဿနာများ သို့မဟုတ် အက်ဆစ်-ဘေ့စ် ဇီဝဖြစ်ပျက်မှုကဲ့သို့သော ဖြစ်လာနိုင်သည့် CKD ရောဂါနောက်ဆက်တွဲပြဿနာများကိုလည်း ကုသသင့်ပါသည်။ CKD လူနာများသည် ကူးစက်ရောဂါပိုးဝင်နိုင်ခြေ ပိုများသောကြောင့် တုပ်ကွေးနှင့် အခြားရောဂါများကဲ့သို့သော ရောဂါများအတွက် ကာကွယ်ဆေး အပြည့်အဝ ထိုးပေးသင့်ပါသည်။ သင့်ရောဂါအတွက် မည်သည့်ကာကွယ်ဆေးကို အကြံပြုထားကြောင်း သိရှိရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
CKD နောက်ဆုံးအဆင့်ရောက်သောအခါ လူနာ၏ ယေဘုယျ ကျန်းမာရေးအခြေအနေသည် အရေးကြီးလှစွာ သိသိသာသာ ယိုယွင်းလာပြီး ပျို့ခြင်း အန်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများ ပြပါသည်။ ဤအဆင့်တွင် ကျောက်ကပ်သည် လုံးဝနီးပါး အလုပ်မလုပ်တော့ကာ အလုပ်လုပ်နိုင်စွမ်း မရှိတော့သောကြောင့် အရည်စစ်ထုတ်ပေးရသည့် လုပ်ငန်းကို စက်ဖြင့် ဆောင်ရွက်ဖို့ လိုအပ်လာပါသည်။ ၎င်းကို ကျောက်ကပ်အစားထိုးကုထုံး သို့မဟုတ် ကျောက်ကပ်ဆေးခြင်းဟု ခေါ်သည်။
သွေးထဲမှ အဆိပ်အတောက်သန့်စင်ပြီး အဆိပ်အတောက်ဖြစ်သည့် စွန့်ထုတ်ပစ္စည်းများကို စွန့်ထုတ်ပေးသော စက်ယန္တရားများနှင့် လူလုပ်စစ်ထုတ်ကိရိယာများ အတွဲလိုက်ကို လူနာနှင့် ချိတ်ဆက်ပေးရပါမည်။
ကျောက်ကပ်ဆေးခြင်း - အဲဒါက ဘာပါလဲ။
ကျောက်ကပ်သည် ပုံမှန်လုပ်ရမည့် လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့သည့် အတိုင်းအတာအထိ CKD ရောဂါ ပိုဆိုးလာသောအခါ “ကျောက်ကပ် အစားထိုး ဆေးကုသနည်း” ဟုလည်း ခေါ်သည့် ကျောက်ကပ်ဆေးခြင်းကို လိုအပ်ပါသည်။
ထို့နောက် ကျောက်ကပ်ဆေးခြင်းသည် ကျောက်ကပ်၏ အရေးကြီးသော အောက်ပါအလုပ်များကို လုပ်ဆောင်ပါသည် -
အဆိပ်အတောက် ဓာတ်ပစ္စည်းများကို စွန့်ထုတ်ခြင်း
ရေစွန့်ထုတ်ခြင်း
Electrolyte နှင့် pH မျှခြေညီအောင် ပြင်ပေးခြင်း
အောက်ပါ ကျောက်ကပ်ဆေးသည့် နည်းလမ်းနှစ်ခုကို အသုံးပြုနိုင်ပါသည် -
- Hemodialysis (သွေးအသွင်းအထုတ်ဖြင့် ကျောက်ကပ်ဆေးခြင်း)
- Peritoneal dialysis (ဝမ်းဗိုက်အတွင်းနေရာလပ်၌ ကျောက်ကပ်ဆေးခြင်း)
Hemodialysis လုပ်ရာတွင် လူနာသွေးကို ခန္ဓာကိုယ်ပြင်ပ၌ သန့်စင်ရန် ကျောက်ကပ်ဆေးသည့် စင်တာရှိ ကျောက်ကပ်ဆေးသည့် စက်ယန္တရားကို အသုံးပြုပါသည်။
Peritoneal dialysisလုပ်ရာတွင် peritoneum ဟုခေါ်သည့် ဝမ်းဗိုက်အတွင်းနေရာလပ်တစ်ခု၌ သွေးကို သန့်စင်ပြီး ၎င်းအား အိမ်တွင် ဆောင်ရွက်နိုင်ပါသည်။
ကျောက်ကပ်ဆေးသည့် နည်းလမ်းနှစ်ခုလုံးအတွက် အခြေခံ သဘောတရားမှာ ဆင်တူပါသည်။ စစ်ထုတ်ကိရိယာကဲ့သို့ အလုပ်လုပ်သည့် တစ်ပိုင်းတစ်စ အရည်ယိုစိမ့်ထွက်နိုင်သည့် အမြှေးပါးအကာတစ်ခုကို ဖြတ်ပြီး သွေးစီးဆင်းပါသည်။ ကျန်းမာသော ကျောက်ကပ် အလုပ်လုပ်ပုံနှင့်အလားတူ ကျောက်ကပ်ဆေးသည့် အရည်သည် စွန့်ထုတ်ဓာတ်ပစ္စည်းများကို ဖယ်ရှားပေးပါသည်။
ကျောက်ကပ်ဆေးနေစဉ် အဆိပ်အတောက်ဖြစ်သော ဓာတ်ပစ္စည်းများကို သွေးထဲမှ ဖယ်ရှားပြီး ခန္ဓာကိုယ်အတွင်း မရှိသည့် ဓာတ်ပစ္စည်းများကို ထောက်ပံ့ပေးပါသည်။
ကျန်းမာသော ကျောက်ကပ်သည် တစ်နေ့ 24 နာရီ အရည်စစ်ထုတ်ပေးပါသည်။ ကျောက်ကပ်ဆေးရာတွင် ထိုအလုပ်ကို အချိန်တိုတိုအတွင်း လုပ်ရပြီး ထိုအချိန်တိုအတွင်း အဆိပ်အတောက်ဖြစ်သည့် ဓာတ်ပစ္စည်းအားလုံးကို တခါတရံ မစွန့်ထုတ်နိုင်ပါ။ ထို့ကြောင့် လူနာကို ကျောက်ကပ်ဆေးနေချိန် အစားအသောက်နှင့် အရည်သောက်သုံးမှုအပေါ် ဂရုစိုက်ရန် အလွန်အရေးကြီးပါသည်။
CKD လူနာသည် မည်သည့်အချိန်တွင် ကျောက်ကပ်ဆေးရန် လိုပါသလဲ။
CKD ရောဂါဆိုးရွားနေသည့် လူနာများတွင် “ဆီးအတွင်း အဆိပ်အတောက်ဖြစ်ခြင်း” သို့မဟုတ် “uremia” ဟုခေါ်သည့် ရောဂါလက္ခဏာများ ပြသသောအခါ ကျောက်ကပ်ဆေးသည့် ကုထုံးကို စတင်ရပါမည်။ လူနာ၏ GFR သည် 5-10 ml / min / 1.73 m² အောက် ကျသွားသောအခါ များသောအားဖြင့် ဤရောဂါလက္ခဏာများ ပေါ်လာပြီး ပျို့ခြင်း၊ အန်ခြင်း၊ ယားယံခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း လက္ခဏာများ ပါဝင်နိုင်ပါသည်။
သွေးပေါင်တက်ခြင်း၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်များလွန်းခြင်း သို့မဟုတ် သွေး၏ electrolyte မျှခြေမညီခြင်းတို့ကို လုံလုံလောက်လောက် မကုသနိုင်ပါကလည်း ကျောက်ကပ်ဆေးခြင်းကို လိုအပ်ပါသည်။
အသက်အန္တရာယ်စိုးရိမ်ရသော (ဥပမာ - အမြဲတစေ) ကျောက်ကပ်အလုပ်မလုပ်တော့သည့် လူနာများအတွက် ကျောက်ကပ်လုပ်ငန်းဆောင်တာ ပြန်ရရှိရန် ကျောက်ကပ်အစားထိုးကုသခြင်းသည် အခြားကုသနည်းတစ်ခု ဖြစ်ပါသည်။
Hemodialysis အတွက် ကြိုတင်ပြင်ဆင်ခြင်း - သွေးကြောအသုံးပြုဝင်ရောက်ခြင်း
Hemodialysis လုပ်ရာတွင် လူနာဆီမှ သွေးထုတ်ခြင်းနှင့် ပြန်ထည့်ပေးခြင်းကို မကြာမကြာ ခဏခဏ လုပ်ဖို့ လိုအပ်ပါသည်။ ကျောက်ကပ်ဆေးသည့် စက်ယန္တရားက ဝင်လာသော သွေးကို သန့်စင်ပေးပြီး သန့်စင်ထားသော သွေးကို လူနာထံ ပြန်ထည့်ပေးပါသည်။ ထိုသို့လုပ်နိုင်ဖို့အတွက် အထူးသွေးကြောအသုံးပြုဝင်ရောက်ရန် လိုအပ်ပါသည်။ အဆိုပါသွေးကြောအသုံးပြုဝင်ရောက်ခြင်းကို “shunt” ထည့်ခြင်းဟု ခေါ်ပြီး များသောအားဖြင့် လက်ဖျံတွင် သွေးပြန်ကြောတစ်ခုနှင့် သွေးလွှတ်ကြောတစ်ခုအကြား ခွဲစိတ်နည်းအရ ဖန်တီးပေးထားသော ချိတ်ဆက်မှုတစ်ခု ဖြစ်ပါသည်။
Hemodialysis လုပ်ပါက မည်မျှကြာပါသလဲ။
အခြေခံလုပ်ထုံးလုပ်နည်းအရ hemodialysis ကို ကျောက်ကပ်ဆေးသည့် အထူးစင်တာတွင် တစ်ပတ်လျှင် 3 ကြိမ် လုပ်ပါသည်။ တစ်ကြိမ်လာဆေးတိုင်း လူနာကို ကျောက်ကပ်ဆေးစက်နှင့် 4-5 နာရီကြာ ချိတ်ဆက်ထားပါမည်။
သို့သော် ကျောက်ကပ်ဆေးခြင်းကို မည်မျှကြာလျှင်တစ်ခါ ဆေးရမည့်ကြိမ်နှုန်း၊ တစ်ကြိမ်ကျောက်ကပ်ဆေးတိုင်း ကြာချိန်မှာ အမျိုးမျိုးဖြစ်နိုင်ပြီး ကျန်ရှိနေသေးသော ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းအပေါ်နှင့် လူနာ၏ အရပ်အပေါ် မူတည်ကြောင်း ရှင်းပြပေးရန် အရေးကြီးပါသည်။
အချို့လူနာများကို အိမ်တွင် haemodialysis လုပ်ခွင့်ပေးနိုင်ပြီး အိမ်တွင် ကျောက်ကပ်ဆေးစက်ယန္တရားသုံးပြီး ကုသနည်းကို ဘေးကင်းကင်း မည်သို့လုပ်နိုင်ကြောင်း လူနာများနှင့် လူနာစောင့်များကို သင်ပြပေးပါသည်။
Peritoneal dialysis ကို အိမ်တွင်လုပ်နိုင်ပြီး သင့်တော်သော လူနာများအတွက် အစားထိုးရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။ မည်သည့် ကျောက်ကပ်ဆေးနည်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ကြောင်း ရှင်းလင်းသိရှိရန် သင့်ဆရာဝန်ကို မေးမြန်းပါ။
သွေးအားနည်းခြင်း
လူတစ်ယောက်တွင် ကျန်းမာသော သွေးနီဥဆဲလ်များ သို့မဟုတ် hemoglobin အလုံအလောက် မရှိသော ကျန်းမာရေးအခြေအနေတစ်ရပ်သည် သွေးအားနည်းခြင်း ဖြစ်သည်။ Hemoglobin သည် အောက်စီဂျင်နှင့် သွားပေါင်းပြီး ခန္ဓာကိုယ်အနှံ့ အောက်စီဂျင် ဖြန့်ပေးသော ပရိုတိန်းဓာတ်တစ်မျိုးဖြစ်ပြီး ၎င်းကို သွေးနီဥဆဲလ်များက သယ်ဆောင်ပေးပါသည်။ ခန္ဓာကိုယ်အတွင်း သွေးနီဥဆဲလ်များ မလုံလောက်ပါက တစ်သျှူးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ကောင်းမွန်စွာ အလုပ်လုပ်ရန် အောက်စီဂျင် လုံလောက်စွာရရှိမည် မဟုတ်ပါ။ သွေးအားနည်းခြင်းကို ရိုးရှင်းသော သွေးစစ်ချက်တစ်ခုဖြင့် ရောဂါဖော်ထုတ်အမည်တပ်နိုင်ပါသည်။
သင့်ဆရာဝန်က သွေးအားနည်းခြင်းကို ဖော်ထုတ်ပေးနိုင်ပြီး ကုသပေးနိုင်ပါသည်။ သင့်တွင် သွေးအားနည်းခြင်း ရှိမည်ဟု စိုးရိမ်ပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
သွေးအားနည်းခြင်းသည် နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ခံစားနေရသော လူနာများတွင် အဖြစ်များပြီး CKD ရောဂါ ပိုဆိုးလာသည်နှင့်အမျှ သွေးအားနည်းနိုင်သည့် အန္တရာယ် ပိုများနိုင်ပါသည်။
CKD ရောဂါတွင် အကြောင်းရင်းများစွာသည် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါသည် -
- ကျန်းမာသော ကျောက်ကပ်သည် erythropoietin (EPO) ဟုခေါ်သော ဟိုမုန်းဓာတ်တစ်ခု ထုတ်ပေးပါသည်။ EPO သည် သွေးနီဥဆဲလ်များ ထုတ်ပေးရန် ရိုးတွင်းခြင်ဆီကို အချက်ပြပါသည်။ ထိခိုက်ပျက်စီးသော ကျောက်ကပ်သည် EPO အထုတ်နည်းပြီး ရရှိနိုင်သော သွေးနီဥဆဲလ်များ ပိုနည်းစေနိုင်ကာ ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများနှင့် တစ်သျှူးများထံ ပို့ပေးရမည့် အောက်စီဂျင်ပမာဏ ပိုနည်းသွားနိုင်ပါသည်။ ထို့အပြင် CKD ရောဂါရှိသောသူများတွင် ပိုနည်းပါးလာသော သွေးနီဥဆဲလ်များသည် ဆဲလ်သက်တမ်းပိုတိုပြီး သွေးအားနည်းခြင်းကို ပို၍ပင် ဖြစ်စေနိုင်ပါသည်။
- CKD ရောဂါရှိသောသူများတွင် ကျန်းမာသော သွေးနီဥဆဲလ်များ ထုတ်ပေးရန် လိုအပ်သည့် သံဓာတ်၊ ဗီတာမင် B12 နှင့် ဖောလိတ်ကဲ့သို့သော အာဟာရဓာတ်များ နည်းနိုင်ပါသည်။
- အခြားအကြောင်းရင်းများတွင် ကျောက်ကပ် လုံးဝ အလုပ်မလုပ်တော့သောကြောင့် ကျောက်ကပ်ဆေးခြင်းဖြင့် ကုသမှုခံယူရသည့် လူနာများတွင် အထူးသဖြင့် သွေးများဆုံးရှုံးခြင်း၊ ကူးစက်ရောဂါများဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ ပါဝင်ပါသည်။
သွေးအားနည်းခြင်းသည် အောက်ပါ ရောဂါလက္ခဏာများစွာကို ဖြစ်စေနိုင်ပါသည် -
• ညောင်းညာချိနဲ့ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း
• အသက်ရှုကျပ်ခြင်း
• ဖြူဖျော့ခြင်း၊ အားနည်းခြင်း
• ခန္ဓာကိုယ် ကိုက်ခဲခြင်း
• ရင်ဘတ်အောင့်ခြင်း
• ခေါင်းမူးခြင်း
• မူးမေ့လဲခြင်း
• နှလုံးခုန်မြန်ခြင်း သို့မဟုတ် ပုံမမှန်ခြင်း
• ခေါင်းကိုက်ခြင်း
• အိပ်ရေးမဝခြင်း
• အာရုံစူးစိုက်ရခက်ခဲခြင်း
သွေးအားနည်းခြင်းကို ဖြစ်စေသည့် အရင်းခံအကြောင်းရင်းတစ်ခုခုကို ဆရာဝန်က ပထမဦးစွာ ကုသပေးပါလိမ့်မည်၊ ဉပမာ - သံဓာတ်ချို့တဲ့ခြင်း သို့မဟုတ် ဗီတာမင် ချို့တဲ့ခြင်း။ သွေးအားနည်းပုံမှာ မပြင်းထန်ဘဲ လူနာတွင် ရောဂါလက္ခဏာအနည်းငယ်သာ ရှိပါက ကနဦးတွင် သီးခြားကုသမှု လိုအပ်နိုင်မည် မဟုတ်ပါ။ သွေးအားနည်းခြင်းကို ကုသပေးခြင်းက ရောဂါလက္ခဏာအချို့ကို သက်သာစေနိုင်ပြီး ဘဝ အရည်အသွေး ပိုကောင်းစေနိုင်ပါသည်။
သံဓာတ်နှင့် ဗီတာမင်ချို့တဲ့သောအခါ ကုသပေးနေသော ဆရာဝန်က ရွေးပေးနိုင်သည့် သံဓာတ်အားဆေး သို့မဟုတ် ဗီတာမင်ဖြည့်စွက်အားဆေးများစွာ ရှိပါသည်။ ထို့အပြင် CKD ရောဂါတွင် သွေးအားနည်းခြင်း ရောဂါလက္ခဏာကို ကုသပေးရန် erythropoiesis-stimulating agents (ESAs) (သွေးနီဥထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးသည့်ပစ္စည်း) ဆေး ရရှိနေပါပြီ။ ESAs သည် သွေးနီဥဆဲလ်များ ထုတ်ပေးရန် ရိုးတွင်းခြင်ဆီကို အချက်ပြပါသည်။ ထို့ကြောင့် ထိခိုက်ပျက်စီးသော ကျောက်ကပ်မှ ထုတ်ပေးသည့် နည်းပါးသော EPO ကို အစားထိုးနိုင်ပါသည်။ ဤဆေးများကို အကြောထိုးဆေး သို့မဟုတ် subcutaneous (အပေါ်ဆုံးအရေပြား၏ အောက်ဘက်) ထိုးဆေးအဖြစ် ပေးနိုင်ပြီး ဆရာဝန် ဆေးညွှန်းပေးမှသာ ထိုးရပါမည်။
မိမိရောဂါအခြေအနေအတွက် အထောက်အကူဖြစ်ပြီး သွေးအားနည်းခြင်းကို ကုသစီမံပေးမည့် အစားအသောက် စီမံကိန်းတစ်ခု ဖန်တီးရန် မိမိ၏ ဆရာဝန်နှင့် အာဟာရအထူးပြု ပညာရှင်တို့နှင့်လည်း ဆွေးနွေးတိုင်ပင်ရန် လူနာများအနေဖြင့် ထည့်သွင်းစဉ်းစားသင့်ပါသည်။
ကိုးကားချက်များ
1. Findlay’s and Isles’ “Clinical Companion in Nephrology”, Springer Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
2. “Comprehensive Clinical Nephrology”, 6th edition, Elsevier Ed., 2015 မှ ထုတ်နုတ်ကိုးကားထားသည်။
5. Kidney Disease: Improving Global Outcomes (KDIGO) CKD Work Group. KDIGO 2012 Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 1–150.
6. Kidney Disease: Improving Global Outcomes (KDIGO) Lipid Work Group. KDIGO Clinical Practice Guideline for Lipid Management in Chronic Kidney Disease. Kidney inter., Suppl. 2013; 3: 259–305.
7. “Diabetic Nephropathy”, American Diabetes Association, Diabetes Care 2002 Jan; 25 (suppl 1): s85-s89.
8. Global, regional, and national burden of chronic kidney disease, 1990–2017: a systematic analysis for the Global Burden of Disease Study, 2017.
သင်ဖတ်ရှုလိုမည့် အခြားအကြောင်းအရာများ